နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်း များ တိုးတက်လာစေရန် နိုင်ငံတော်က အားပေးဆောင်ရွက်လျက် ရှိသည်။ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သော “တိုင်းပြည် သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” တို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ရည်မှန်းချက်နှင့်အညီ အောင်မြင်ရန်နှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃)ကို နိုဝင်ဘာ ၂ ရက်က ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိမှု ရှိ/မရှိ၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိ/မရှိ ချိန်ထိုးသုံးသပ်ဆောင်ရွက်ကြည့် ရန် လိုကြောင်း၊ မိမိတို့အနေဖြင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” "Keep Moving Forward to Achieve Our Goal" ဆိုသည့်အတိုင်း နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရန်မှာ စိုက်ပျိုးသီးနှံများအလိုက် မြေဧရိယာများကို အပြည့်အဝ စိုက်ပျိုး ရေး၊ တစ်ဧကချင်း၏ ထုတ်လုပ်မှုစွမ်းအားများ တိုးတက်ရေး၊ စိုက်ပျိုးသီးနှံများ၏ပန်းတိုင်အထွက်နှုန်းများရရှိရေးနှင့် သီးထပ် စွမ်းအား မြင့်မားရေးတို့ ဆောင်ရွက်ရန်လိုသည်။ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတွင် အထွက်နှုန်းကောင်းပြီး ဒေသ နှင့် သင့်လျော်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးရေ အပါအဝင် စိုက်ပျိုးရေးသွင်းအားစုများ အချိန်နှင့်တစ်ပြေးညီ လွယ်ကူစွာရရှိရေး၊ သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ ကျင့်သုံးနိုင်ရန် နည်းပညာများရရှိရေး စသည့် တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ် သလို တောင်သူများအနေဖြင့်လည်း အားသွန်ကြိုးပမ်းဆောင်ရွက် ကြရန် လိုသည်။
မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍတွင် မွေးမြူရေးတောင်သူများ က တစ်ပိုင်တစ်နိုင် မွေးမြူခြင်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များက စီးပွားဖြစ် မွေးမြူခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ဘေးကင်းလုံခြုံသည့် အစားအစာများကို ဒေသအလိုက်ဖူလုံစွာ ထုတ်လုပ်နိုင်ရေးနှင့် ပြည်သူများ ပေါပေါများများ စားသုံးနိုင်ကြ ရန် နိုင်ငံတော်အစိုးရက အဘက်ဘက်မှ အားပေးလျက်ရှိရာ တောင်သူများနှင့် လုပ်ငန်းရှင်များကလည်း တက်ညီလက်ညီ ဆောင်ရွက်ကြရန်လိုအပ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ ရည်မှန်းချက်အတိုင်း တိုးတက်အောင်မြင် မှု ရှိ/မရှိကို ဒေသအလိုက်၊ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် နေသူများက စဉ်ဆက်မပြတ် ချိန်ထိုးသုံးသပ် ဆောင်ရွက်ကြည့်ရှု နေရန် လိုအပ်ပြီး အောင်မြင်မှုရရှိရန် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားနိုင်ရန် လိုအပ်မည်ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားပေးဆောင်ရွက် ရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးခြင်း၊ မြေကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် ရေရရှိရေးတို့ကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသလို သက်ဆိုင်ရာတာဝန်ရှိသူများက နည်းလမ်းများ ရှာဖွေပြီး အောင်မြင်အောင် အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် တာဝန်ကျေပွန်ကြရပါမည့် အကြောင်း။ ။