အားကစားဟူသည် အထူးတလည် လေ့ကျင့်တည်ဆောက် ထားသော ခွန်အား၊ သက်လုံ၊ ကျွမ်းကျင်မှု၊ နည်းစနစ်၊ စိတ်ဓာတ်နှင့် ဉာဏ်ရည်တို့ကို အသုံးချကာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ယှဉ်ပြိုင်ကြရခြင်းဖြစ်သည်။ နိုင်ငံကိုယ်စားပြု အားကစားသမားများ နိုင်ငံအလိုက် ယှဉ်ပြိုင်ကြရာတွင် အားကစား၏ အောင်မြင်မှုသည် နိုင်ငံ၏ အောင်မြင်မှု၊ နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားမှု ဖြစ်လာသည်။ နိုင်ငံကိုယ်စားပြု အားကစားသမားများ၏ နိုင်ငံတကာပြိုင်ပွဲဝင် ယှဉ်ပြိုင်မှုများ ကို နိုင်ငံသူ နိုင်ငံသား တစ်မျိုးသားလုံးက စိတ်ရောကိုယ်ပါ တက်ကြွစွာ အားပေးကြပြီး အောင်ပွဲအဆင့်ဆင့် ရရှိကြသည် နှင့်အမျှ တစ်မျိုးသားလုံးက ဂုဏ်ယူဝမ်းမြောက်ကြရခြင်း ဖြစ်သည်။
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကြီးကို ကမ္ဘောဒီးယားနိုင်ငံတွင် လာမည့် မေလ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပတော့မည်ဖြစ်ရာ ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများအားလုံး ပြိုင်ပွဲဝင်ရန် အသင့်အနေ အထားသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အရှေ့တောင်အာရှ ဒေသတွင်း အမြင့်မားဆုံးသော အားကစားပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံမှ အားကစားသမား ၃၄၁ ဦးက အားကစားနည်း ၁၉ နည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ရာ ပြိုင်ပွဲ တိုင်းတွင် အမြင့်ဆုံးသော အောင်ပန်းကို ဆွတ်ခူးနိုင်ရေး မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းက မျှော်လင့်နေကြသည်သာ ဖြစ်သည်။ “ယခုသွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲကြီးသည် အားကစားမောင်မယ်များအဖို့ နိုင်ငံတော်အတွက် အားကစား လူချွန်လူကောင်းများဖြစ်ကြောင်း ပြသနိုင်မည့် အခွင့်အလမ်း ကောင်းကြီးတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ ယခုအခွင့်အလမ်း ကြီးကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားနိုင်ကြ မည်ဟုလည်း နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက ယုံကြည် မျှော်လင့်နေကြသည်ကို အသိပေးမှာကြားလိုပါကြောင်း၊ မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် မောင်မယ်များအနေဖြင့် ရေကုန် ရေခန်းအားထုတ်ကြိုးပမ်းသွားကြမည်ဟု အလေးအနက် ယုံကြည်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည့်အတိုင်းပင် အားကစားလူချွန် လူကောင်းများအဖြစ် ပြသ၍ နိုင်ငံ့ဂုဏ်ကို မြှင့်တင်သွားကြ မည်ဟူသော ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ယုံကြည်မှုကို အစွမ်းကုန်ဖြည့်ဆည်းကြရေးအတွက် စိတ်ဓာတ်တံခွန်ကို အမြင့်မားဆုံး လွှင့်ထူကြရမည်ဖြစ်သည်။
မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်၍ ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်၍ အစွမ်းကုန် ကြိုးပမ်းကာ အောင်ပန်းဆွတ်ခူးနိုင်ခြင်းတို့ အတွက်လည်း နိုင်ငံတော်က ထိုက်တန်စွာ ဂုဏ်ပြုသွားမည် ဖြစ်ရာ အောင်ပွဲရယူ ပြန်လာသူတို့အတွက် စောင့်ကြိုနေမည် ဖြစ်သည်။ အားကစားထူးချွန်သည့် လူငယ်များ နိုင်ငံ့လက်ရွေး စင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်ခြင်း မှ ထွက်ပေါ်လာသည့် အောင်မြင်မှုများက နိုင်ငံ၏ ဂုဏ်သိက္ခာ ကို မြင့်မားစေသည့်အပြင် မိမိတို့၏ လူနေမှုဘဝများကိုလည်း မြင့်မားလာစေမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်အကြီးအကဲ က ပြောကြားထားသည်။ နိုင်ငံတော်က ခေတ်အဆက်ဆက် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကြီးများကို ဂုဏ်ပြုချီးမြှင့် လျက်ရှိရာ ယခုမကြာမီ ပြိုင်ပွဲဝင်ကြရတော့မည့် (၃၂) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင်လည်း နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ကြသည့် အားကစားသမား တစ်ဦးချင်းစီတိုင်းက ပြိုင်ပွဲတိုင်းတွင် တရားသဖြင့် ယှဉ်ပြိုင် အနိုင်ယူကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနိုင်ရေး ကြိုးပမ်းစွမ်းဆောင်နိုင်ကြပါ စေကြောင်း။ ။