၂၀၂၂ နှစ်သစ်ကို ဖြတ်သန်းသည့်အခါ

ပြီးခဲ့သောရက်များအတွင်း    နိုင်ငံတကာနှစ်သစ်ကူးနေ့၊   ကရင် အမျိုးသားနှစ်သစ်ကူးနေ့၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့များ နှင့်အတူ နှစ်ဦးချိန်ခါသမယကို ကောင်းသော မျှော်လင့်ချက်များဖြင့် ကြိုဆိုခဲ့ကြသည်။     နှစ်ဟောင်းတစ်ခုကုန်ဆုံး၍    နှစ်သစ်ဆီသို့ ဝင်ရောက်ချိန်တွင် မိမိတို့ဖြတ်သန်းကြရမည့် နှစ်သစ်တစ်လျှောက် အနှောင့်အယှက်၊   အခက်အခဲများ၊  ပင်ပန်းဆင်းရဲမှု၊   ကြမ်းတမ်း ခက်ထန်မှုများကို  မည်သူမျှမကြုံတွေ့လို။  ငြိမ်းအေးချမ်းသာမှု၊ သာယာဝပြောမှု၊ ချောမွေ့ဖြောင့်တန်းမှုတို့ကိုသာ လူတိုင်းကိုယ်စီ အလိုရှိကြသည်သာ ဖြစ်သည်။
မိမိတို့နိုင်ငံအနေဖြင့်  ယခု ၂၀၂၂ ခုနှစ်အတွင်း  ကိုဗစ်-၁၉ ကပ်ရောဂါ     ကာကွယ်ရေးလုပ်ငန်းများ     အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက် ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ကုစားခြင်း၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါ သဘောတူညီချက်များ အတိုင်း   ဆောင်ရွက်ခြင်း၊  လွတ်လပ်ပြီး  တရားမျှတသော  ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ      ကျင်းပနိုင်ရေးအတွက် အရေးပေါ်ကာလဆိုင်ရာ   ပြဋ္ဌာန်းချက်များနှင့်အညီ   လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို   ဆက်လက်အကောင်အထည်ဖော်နေမည် ဖြစ်သကဲ့သို့ ထွက်ပေါ်လာဖွယ်ရှိသည့် စိန်ခေါ်မှုများနှင့် အခြားသော အနှောင့်အယှက်၊ အခက်အခဲများကိုလည်း ကြိုတင်မျှော်တွေးထား ကြရမှာဖြစ်သည်။
၂၀၁၉ ခုနှစ်ကုန်ပိုင်းမှ စတင်ထွက်ပေါ်လာသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် တတိယမြောက်နှစ်သို့ ဝင်ရောက်လာပြီဖြစ်သည့် တိုင်အောင် မျိုးဗီဇကွဲများ ထပ်မံထွက်ပေါ်လာခြင်းနှင့်အတူ လူသား ကမ္ဘာမှ ဆုတ်ခွာသွားခြင်းမရှိသေးဘဲ အရှိန်အဟုန်ကောင်းနေဆဲ ဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားရမှုများတွင် စီးပွားရေးနှင့် ပညာရေးကဏ္ဍတို့တွင်  ဆုံးရှုံးမှုကြီးမားကြသည်။  အထူးသဖြင့် စီးပွားရေးအပိုင်းတွင် သိသိသာသာထိခိုက်မှုဖြစ်ပေါ်ခြင်းနှင့်အတူ ဝင်ငွေနည်း အောက်ခြေလူတန်းစားထုအပေါ်တွင် သက်ရောက်မှု ကြီးမားသည့်အလျောက် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးရန်လိုအပ် သည်။ ဝင်ငွေရလမ်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ပေးခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ကူညီပေးခြင်းတို့ကဲ့သို့သော ရေတို အစီအစဉ်များဖြင့် အောက်ခြေလူတန်းစားများ ရပ်တည်နိုင်ရေး အတွက် ဖန်တီးပေးရန်လိုအပ်မည်ဖြစ်သည်။
၂၀၂၂ ခုနှစ် နှစ်သစ်တွင် ရပ်ရွာများ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးတို့သည်လည်း ပြည်သူလူထုအများစုကြီး၏ မျှော်လင့် ချက်ပင်ဖြစ်သည်။ ကျီးလန့်စာစား၊ နောက်ကျောမလုံ၊ ဘယ်သူက မှားသတ်သွားမှာလဲဟူသော  စိုးရိမ်ထိတ်လန့်မှုမျိုး၊  အိုးပစ်အိမ်ပစ်၊ စည်းစိမ်ဥစ္စာတို့ကို ထားရစ်ပြီး သေနတ်သံ၊ ဗုံးသံ၊ ယမ်းငွေ့ကျည်ဆန် တို့နှင့် လွတ်ရာသို့ ထွက်ပြေးကြရသည့် ကိုယ်စိတ်နှစ်ပါး ဒုက္ခမျိုး တို့ကို မည်သူမျှမကြုံတွေ့၊ မခံစားလို။ တိုင်းရင်းသားလူငယ်ကလေး များ ရင်နှင့်အမျှခံစားသီဆိုခဲ့ကြသည့် မငြိမ်းချမ်းလို့မဖြစ်ဘူးဟူသော သီချင်းသံကလေးမှာ     ပစ်ခတ်တိုက်ခိုက်သံများ   အောက်တွင် ပျောက်ကွယ်နေခဲ့ပြီ။
မြန်မာနိုင်ငံတွင် ရောဂန္တရကပ်နှင့် သတ္တန္တရကပ်တို့ ကျရောက်နေ သည်ဟုဆိုလျှင် ဒေါသသင့်သည့် စကားဟုဆိုနိုင်သော်လည်း စဉ်းစား ဖွယ်အချို့ ရှိနေသည်။ ကိုဗစ်-၁၉ကပ်ရောဂါ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁ရာခိုင်နှုန်းဝန်းကျင်သို့  ကျဆင်းနေပြီဖြစ်သော်လည်း  အိမ်နီးချင်း နိုင်ငံများသို့ရောက်နေပြီး  မိမိတို့နိုင်ငံတွင်လည်း  တွေ့ခဲ့ရသည့် အိုမီခရွန်မျိုးကွဲကြောင့် ဆက်လက်၍ သတိပြုနေထိုင်ကြရဦးမည်ဖြစ် သည်။ နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြုဖြစ်ပေါ်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများကလည်း အများပြည်သူနှင့် ဆက်စပ် သည့်နေရာများတွင် ဖြစ်ပွားနေဆဲဖြစ်ရာ ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးတို့တွင် တစ်တပ်တစ်အားပူးပေါင်းပါဝင် ကြရန် လိုအပ်သည်။ ပြည်သူ့အားသည် နိုင်ငံ့အားဖြစ်သည့်အလျောက် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် ကပ်ကြီးများဟူသမျှ ကျော်လွှားနိုင်ကြပါစေကြောင်း။       ။