မိုင်းခတ်မြို့ဝင် စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း နေ့စဉ် ဆောင်ရွက်

 

မိုင်းခတ် စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့ဝင်စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို  ယမန်နေ့မှ စတင်၍ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းမြို့မှ နေ့စဉ်ဖြတ်သန်း သွားလာလျက်ရှိသော ယာဥ်မောင်းများ၊ ခရီးသွား ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ခရီးသွား ရာဇဝင် မှတ်တမ်းများနှင့် အမည် စာရင်းများ ရေး သွင်းခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင် သွားလာကြရန် အသိပညာပေး ဆောင်ရွက်လျက် ရှိသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ အသင်းနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်ရေး လိုက်နာရမည့် အချက်များကို မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများ အထိ အသံချဲ့စက်များဖြင့် နေ့စဉ် နှိုးဆော် ပေးလျက် ရှိကြောင်းသိရသည်။

မိုးဒေ (ပြန်/ဆက်)