ညောင်ဦးမြို့တွင် အများပြည်သူသုံးစွဲလျက်ရှိသည့် ထရန်စဖော်မာများအား အကြီးစားပြုပြင် ထိန်းသိမ်းခြင်းနှင့် ဆွေးမြေ့လေးထောင့် ကွန်ကရစ်ဓာတ်တိုင်များ အစား၊ ကွန်ကရစ်တိုင်လုံးများဖြင့် အစားထိုးလဲလှယ်

ညောင်ဦး စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိသော လျှပ်စစ်ထရန်စဖော်မာများအား အကြီးစား ပြုပြင်ထိန်းသိန်းခြင်းနှင့် ဆွေးမြေ့လေးထောင့်တိုင်များ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းမှစတင်ကာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကွန်ကရစ်တိုင်လုံးများဖြင့် အစားထိုးလဲလှယ်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်းက ပြောကြားသည်။

ညောင်ဦးမြို့နယ်အတွင်း အများပြည်သူသုံးစွဲလျက်ရှိသည့် ထရန်စဖော်မာများအား အကြီးစား ပြုပြင်ထိန်းသိမ်းခြင်းအပြင်၊ ဆွေးမြေ့လေးထောင့် ကွန်ကရစ် ဓာတ်တိုင်များအား ကွန်ကရစ် ဓာတ်တိုင်လုံးများဖြင့် အစားထိုးလဲလှယ်ခြင်း၊ မိန်းခလုတ်အသေးများအား အကြီးများဖြင့် လဲလှယ်ခြင်း၊ ဆွေးမြေ့သစ်သား လက်တန်းများအား သံလက်တန်းများဖြင့် လဲလှယ်ခြင်းနှင့် ကွဲအက်လောင်ကျွမ်းကြွေသီးများအား အစားထိုးလဲ လှယ်တပ်ဆင်ခြင်းများအား ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်းက ရှင်းပြသည်။

အဆိုပါ အကြီးစားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် သာမန်ရန်ပုံငွေစာရင်းမှ ဆောင်ရွက်ခြင်းဖြစ်ကာ လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန်လျှော့နည်းကျဆင်းပြီး လျှပ်စစ်ဓာတ်အားကို စံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့်ဝဝဖြင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထရန်စဖော်မာများ ချို့ယွင်းပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် စီမံချက်ချမှတ်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းက ဆက်လက်ပြောကြား၍ သိရသည်။

ကိုထိန်၊KPD