တွံ​တေးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ဆက်လက်ထိုးနှံပေးလျက်ရှိရာ ၉၉.၉၈ ရာခိုင်နှုန်းထိ ထိုးနှံပြီဖြစ်

တွံတေး ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မြို့တွင်  အသက်(၁၈)နှစ်အထက် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVISHIELD) ကို ဆက်လက်ထိုးနှံခြင်းလုပ်ငန်း ကို ယနေ့ နံနက်(၉)နာရီက  ​မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် တွံတေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသက် (၁၈) နှစ်နှင့် အထက်ပြည်သူများ၊ အ‌ကြောင်းအမျိုးမျိုး ကြောင့် ကျန်ရှိ‌နေသောဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ပြီး  ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအသင်းတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် ဦးစား‌ပေးအလိုက် စီစဉ်ဆောင်ရွက်ထားရှိပြီး ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းပြီးမှ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဆေးထိုးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး တွံတေးမြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်ဆေးထိုးရန် အကျုံးဝင်သူ (၁၇၅၈၁၆) ဦးတွင် ယမန်နေ့အထိ ပထမအ​ကြိမ်ထိုးနှံပြီးသူ (၁၇၅၇၈၉) ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ (၁၃၈၃၃၂)ဦး၊ Booster Dose (ထပ်ဆောင်း) Third Dose ထိုးနှံပြီးသူ (၂၀၃၉၁) ဦးရှိ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (ဒုတိယအကြိမ်)ထိုးနှံပြီးသူ (၂၂၉၃၁)ဦးရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မျိုးလှိုင် တွံတေး