ကမာရွတ် ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများအား နေ့စဉ်စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျှော့ကျစေရေး အသိပညာပေးလုပ်ငန်းအဖြစ် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၃)၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြို့နယ်ဆရာဝန် ဒေါက်တာ သင်းသင်းနိုင်မှ ဟောပြောခြင်းနှင့်ကျောင်းဝင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုကဲ့သို့ကမာရွတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းအတွင်း ခြင်များခိုအောင်းနိုင်သည့် နေရာများနှင့် ခြင်များပေါက်ဖွားနိုင်သည့် ရေတင်ကျန်နေသော ဘူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းအတွင်း ရေစီးဆင်းမှုမရှိသည့် ပိတ်ဆို့နေသော ရေနှုတ်မြောင်း များအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်းစသည်ဖြင့် ကျောင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးအတွက် အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကျောင်းများ၌ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်တွင် တက်ရောက်ပညာဆည်းပူးနေကြသော ကျောင်းသူ၊ကျောင်းသားများကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပက်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
စိမ်းလဲ့