မော်လမြိုင်ကျွန်းမြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာန ပူးပေါင်း၍ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး အတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၊ ငုဝါဆောင်ခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်လှလှဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းဇော်က အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ ဥပဒေစည်းကမ်းနှင့်အညီ ဆောင်ရွက်သည့် မီးဖိုချောင်ထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံဆေးခန်းထွက်အမှိုက်၊ ခြံထွက်အမှိုက်၊ စက်ရုံ/ အလုပ်ရုံ ထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်နှင့် သာမာန်အမှိုက် အမျိုးအစားများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအနေနှင့် မိမိနေအိမ်မှစတင်၍ မိမိပတ်ဝန်း ကျင်၊ ကျောင်းများတွင် အမှိုက်ကို စနစ်တကျခွဲခြားစွန့်ပစ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရေး ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)