တောင်ကြီး-ဟိုပုံးသွားလမ်းပေါ်ရှိ တိုးဂိတ်အနီး၌ ကိုဗစ် -၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်

တောင်ကြီး   စက်တင်ဘာ  ၁၀

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်းမာရေးစစ်ဆေးရေးဂိတ်အား တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စု လမ်းပေါ်ရှိ တိုးဂိတ်အနီး၌ ယမန်နေ့ ညနေပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တောင်ကြီးမြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကြက်ခြေနီနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ယမန်နေ့က သွားရောက်တွေ့ဆုံကာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်းပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

တောင်ကြီးမြို့နယ်သည် ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာ မှုများပြားသဖြင့် ကိုဗစ် -၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလာသည့်ကာလအတွင်း  ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်  ကလော-တောင်ကြီး သွားလမ်းဖြစ်သည့် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တောင်လေးလုံး ကျေးရွာ အနီးတွင် တောင်လေးလုံး ဂိတ်ကိုလည်းကောင်း၊  တောင်ကြီး - ဟိုပုံးသွား တိုးဂိတ်အနီးတွင် လည်းကောင်း စစ်ဆေးရေးဂိတ်(၂)ခု ကို ဖွင့်လှစ်ထားပြီး ကျန်းမာရေးစစ်ဆေးရေး ဂိတ်သို့ ဝင်ရောက်လာသော ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင် စစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ဦး နှင့် အထက်ရှိသည့် မြို့နယ်များမှ လာရောက်သူဖြစ်စေ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် မပါရှိသူဖြစ်စေ အားလုံးကို စစ်ဆေးရေးဂိတ်မှ သတ်မှတ်ထားသည့် Quarantine Center များသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်