မြစ်ကြီးနား ဇူလိုင် ၂၂
ကချင်ပြည်နယ်တရားလွှတ်တော် မြစ်ကြီးနားမြို့ တရားမမှုများနှင့် ပတ်သက်၍ တရားရုံးက ထိရောက်မြန်ဆန်သော တရားရုံးအငြင်းပွားမှု ဖြေရှင်းရေးစနစ်များ သတ်မှတ်ဆောင်ရွက်ရန်၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်(၁)ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲက ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက တရားမမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အရည်အသွေးမြင့် တရားမျှတမှုကို လူတိုင်းသို့ ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန်နှင့် တရားရုံးက ထိရောက်မြန်ဆန်သော တရားရုံးအငြင်းပွားမှု ဖြေရှင်းရေးစနစ်များ သတ်မှတ်ဆောင်ရွက်ရန်၊ မဟာဗျူဟာစီမံကိန်းရည်မှန်းချက်အရ ယခုတရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်နှင့် စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်သီတာအောင်တို့က တရားရုံးမှ ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ် အကြောင်းအရာများနှင့် စပ်လျဉ်း၍ အသီးသီးမိတ်ဆက် ရှင်းလင်းပြောကြားကြပြီး တရားရုံးက ဉီးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်းသည့် Video Clip ကို ဖွင့်လှစ်ပြသခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များမှ တရားသူကြီးများနှင့် ရှေ့နေများက စေ့စပ်ဖြေရှင်းရေးစနစ်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယနေ့ မိတ်ဆက်ရှင်းလင်းသည့် စေ့စပ်ဖြေရှင်းရေးစနစ်အတွက် တရားလွှတ်တော်က တရားမမှုများအား စေ့စပ်ဖြေရှင်းပေးနိုင်ရန် ကချင်ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေး ဌာနကို ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး တရားမမှု စွဲဆိုပြီး နောက်အမှုကို မစစ်ဆေးမီကာလအတွင်း စေ့စပ်ဖြေရှင်းရေးအရာရှိက အမှုသည်များ အကြား အမှန်တကယ် အငြင်းပွားလျက်ရှိသော အကြောင်းအရာကို ဖော်ထုတ်၍ နှစ်ဖက်လက်ခံ ကျေနပ်နိုင်သည့် သဘောတူညီချက်ရရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်