မိုင်းကိုင် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ် ကုသရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ယာဉ်လိုင်းများ တွေ့ဆုံအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းထွန်းလှိုင်းက မြို့နယ်အတွင်း ရောဂါထိန်းချုပ် ကာကွယ်ကုသရေး ဆောင်ရွက်မှု နည်းလမ်းများနှင့် ပြည်သူပူးပေါင်းပါဝင်မှုများကို ရှင်းလင်းဆွေးနွေးပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး မြို့အဝင်အထွက် ဂိတ်များအား နေ့စဉ်ကြပ်မတ်စစ်ဆေးခြင်း၊ မြို့ဝင်မြို့ထွက် ခရီးသည်တင်ကားများအား စစ်ဆေးရာတွင် ခရီးသွားထောက်ခံစာမပါရှိပဲ မြို့တွင်း ဝင်ထွက် သွားလာခြင်း မပြုရန်၊ နိုင်ငံခြားမှပြန်လာသူများ / Stay At Home ကြေညာထားသော ဒေသမှပြန်လာသူများရှိက အချိန်မီသတင်းရရှိရေး နှင့် Quarantine Center များတွင် ထားရှိ နိုင်ရန်၊ မြို့နယ်အတွင်း ဖြတ်သွားသည့် အခြားမြို့များမှ ယာဉ်များအား မြို့နယ်အတွင်း မလိုအပ်သော ရပ်နားမှုများ မရှိစေရေးစစ်ဆေးရန်၊ ကားဂိတ်များမှတဆင့် နေ့စဉ်ခရီးသည် အဝင်အထွက် မှတ်တမ်းများ ပြုစုပေးပို့ရန်၊ မြို့နယ်အတွင်းရှိ လမ်းတစ်လမ်းအား ရွေးချယ်၍ ကိုယ်အပူချိန်တိုင်းတာခြင်း စာရင်းပြုစုထားရှိခြင်းများဆောင်ရွက်ရန် စသည့်ဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ကုသရေး အတွက် ကြပ်မတ်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)