ဘူးသီးတောင် ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာန၊ မြို့နယဦးစီးမှူး ဦးထွန်းဝင်းနိုင်က သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များ ကူညီဆောင်ရွက်နေမှုအခြေအနေများ၊ မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ချက်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပြောကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ်နှင့် ပတ်သတ်၍ အသက်ကယ် LifeJacket ဝတ်ဆင်အသုံးပြုတတ်စေရေးနည်းများ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးချည်နည်းစနစ်များ၊ လူနာသယ်နည်းစနစ်များ၊ အသက်ကယ်ဝတ်စုံဝတ်ဆင်နည်းများနှင့် ရှေးဦးသူနာပြုစုနည်းများ စသည့်တို့ကို ကျောင်းသား/သူများအား သရုပ်ပြသကာ လက်တွေ့လုပ်ဆောင်စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယဦးစီးမှူး ဦးငြိမ်းထွန်းက လေဘေး၊ မုန်တိုင်းဘေး၊ ရေကြီးမှု၊ မိုကြိုးအန္တရာယ်များ စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေသည့် ဘေး(၈)မျိုးပါဝင်သော လက်ကမ်းစာစောင် (၁၀၀)တို့ကို ဖြန့်ဝေခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးကျော်မြင့်ဝေက ရှေးဦးသူနာပြုစုနည်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးကျော်မြင့်ဝေနှင့်တပ်ဖွဲ့ဝင်များ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)