ဒဂုံ စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင် ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိပြည်သူများ(Stay at Home)တွင် အကျုံးဝင်ကြောင်း အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်၁၀နာရီက ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီး ရပ်ကွက်၊ ဦးဝိစာရ ရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့ စက်ဖြင့် နှိုးဆော်ပေးကြောင်း သိရသည်။
ယင်းသို့ နှိုးဆော်ပေးခြင်းသည် ကိုဗစ်-၁၉ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓါတ်ခွဲ အတည်ပြု လူနာများပြားလာသဖြင့် ရောဂါကူးစက်မှုကို ပိုမိုထိန်းချုပ်နိုင်ရန် ဒဂုံမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများ (Stay at Home) တွင် အကျုံးဝင်ကြောင်းကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ (၉)ရက်စွဲပါအမိန့် အမှတ်၊၁၀၂/၂၀၂၀ကို ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်တွင် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်သို့သွားရောက်ရန် လိုအပ်ပါက ပါးစပ်၊နှာခေါင်းစည်း (Mask)တပ်ဆင် သွားလာကြရန်နှင့် အရေးကြီးကိစ္စကြောင့် အပြင်သို့သွားရောက်ရန် လိုအပ်ပါက ရပ်ကွက်တာဝန်ရှိသူထံ အသိပေး အကြောင်းကြားရမည်ဖြစ်သည်။
အဆိုပါအမိန့်အား လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)