မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းရင်းသား ပုံပြင်၊ ပုံပြစာအုပ်ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇူလိုင် ၂၁

မွန်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင်ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်နယ်အဆင့်ဌာနများအနေဖြင့် ဌာန၏ ရည်မှန်းချက်များအတိုင်း လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကျိုက်ထိုခရိုင်နှင့် ရေးခရိုင် ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ဆန်ဖူလုံမှု ရှိသော်လည်း၊ ဆီဖူလုံမှု လိုအပ်ချက် ရှိသေးသည့်အတွက် ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးရန်၊ သီးနှံ အထွက်နှုန်းတိုးတက်ကောင်းမွန်ရန် လိုအပ်သောမျိုးကောင်း မျိုးသန့်စပါးနှင့် သွင်းအားစု များပံ့ပိုးနိုင်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအပေါ် စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ စိစစ်တွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ကဌာနဆိုင်ရာ လုပ်ငန်းများကိုအဂတိ တရား ကင်းရှင်းစွာဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန်၊ ရုံးနှင့်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် (၂၁) ရက် နံနက်ပိုင်းက တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပသည့် တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့များအတွက် မွန်တိုင်းရင်းသားဘာသာစကားနှင့် ကရင်တိုင်းရင်းသား ဘာသာစကားဖြင့်ထုတ်ဝေသည့် KG တန်းအတွက် ပုံပြင်နှင့် ပုံပြ စာအုပ်များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ရုံးတာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့များအား ပုံပြင်နှင့် ပုံပြစာအုပ်များ ပေးအပ် ခဲ့သည်။ ဆက်လက်ပြီး မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား ပြောကြားပြီး၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်