ဟိုပန် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ လဝကဝန်ထမ်းများမှ"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အထက(ဟိုပန်)ကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဉီးမျိုးညွှန့်က မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး "ပန်းခင်း"စီမံချက်နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ချစ်စုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဟိုပန်ခရိုင် ဦးစီးမှူး ဦးမျိုးညွှန့်နှင့် မြို့နယ်ဦးစီးမှူး ဦးနော်ဟိန်းတို့က အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော အသက်(၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်ခရိုင်၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသည့် ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)