ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား ဇူလိုင် ၂၁

ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ တင်ပြလျှောက်ထားလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်လက်ခံခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်‌ရေးသည် အခြေခံကျသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် မိမိတို့မှ ဆွဲဆောင်၊ စည်းရုံးမှုဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်အတည်ပြု ချထားပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည်နယ်ကော်မတီ၏ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ဖော့အိတ်၊ ဖော့ပြားထုတ်လုပ်ခြင်းလုပ်ငန်းနှင့် သီးနှံများကို အအေးပေးသိုလှောင် ဝန်ဆောင်မှုလုပ်ငန်းအပေါ် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီအရင်ခံစာကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတကာအရည်အသွေးမီ တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပေးနိုင်ရန်အတွက် Wai Sar Manaw Co.,Ltd နှင့် Power Five Star Co.,Ltd တို့မှ ကုမ္ပဏီတာဝန်ရှိသူများက အတည်ပြုမိန့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားလာမှုများအပေါ် ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်သုံးသပ် ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အတည်ပြုမိန့် ထုတ်ပေးနိုင်ရေးအတွက် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)