တာမွေ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဘက်စုံထောင့်စုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေအား ယနေ့ နံနက်ပိုင်း အချိန်က သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ များအား (ဒုတိယအကြမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)သို့ ရောက်ရှိကာ အဆိုပါဆေးရုံ၌ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)နှင့် (ဒုတိယအကြိမ်)ထိုးနှံပေးနေမှု၊ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံပေးနေမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်က မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးဖို့ အဓိက လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ အသိပညာပေးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွေကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေး အတွက် မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများအပါအဝင် လူစည်ကားရာနေရာများတွင် အသိပညာပေးနှိုးဆော်ခြင်းတွေကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြဖို့ များစွာလိုအပ်ပါကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)