ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပရဟိတအသင်းများသို့ မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံမြို့သစ်မှ အလှူရှင်များက အလှူငွေများလှူဒါန်း

မြောက်ဥက္ကလာပ     စက်တင်ဘာ  ၁၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းကို စိတ်အားထက်သန်စွာ ဆောင်ရွက်လျက်ရှိသည့် ပရဟိတ အသင်းများအား အလှူငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစ၍ ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ ရွှေပေါက်ကံမြို့သစ်မှ အလှူရှင်များက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ရွှေပေါက်ကံမြို့သစ်မှ ဦးနိုင်ဝင်းနှင့် မိတ်ဆွေများက ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်  နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် (၁၀)သိန်းလှူဒါန်းရာ ဥက္ကဋ္ဌ ဦးကျော်သူက လက်ခံရယူခဲ့ပြီး မြို့နယ်အရံ မီးသတ်တပ်ဖွဲ့၊ ထာဝရအလင်းတန်းပရဟိတအဖွဲ့၊ We Love Northokkalapa ပရဟိတ အဖွဲ့နှင့် စေတနာရှင် လူမှုဘဝစောင့်ရှောက်ရေးအသင်းတို့အား အလှူငွေ ကျပ်(၅)သိန်းစီ လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအသင်းများအနေဖြင့် ပြည်သူ့အကျိုးပြု ပရဟိတလုပ်ငန်းများကို အချိန်ပြည့် ကူညီ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် နေအိမ်နှင့် လမ်းများအား ပိုးသတ်ဆေး ဖျန်းခြင်း၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများနှင့်  ဆက်စပ်သူများ၊ သံသယ ရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ Quarantine Centre များသို့ ပို့ဆောင်ပေးခြင်း၊ ပြည်သူများ အား စာသောက်ကုန်များ လှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများတွင် အချိန်အခါမရွေး ပူးပေါင်းနိုင်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)