သထုံ ဇူလိုင် ၂၁
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ အထက(ကျိုက္ကော်) ရွှေရတုခန်းမတွင် ယနေ့ နံနက်က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အိဖြူမြင့်နှင့် အငယ်တန်းစာရေး ဒေါ်သင်းရတနာစိုးတို့က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖြစ်စဉ်များ၊ အယ်(လ)နီညိုနှင့် လာနီညာဆိုင်ရာ သိကောင်းစရာများ၊ မုန်တိုင်းဖြစ်စဉ် မုန်တိုင်းဘေးအတွက် သတ်မှတ်ထားသည့် အရောင်ငါးမျိုးဆိုင်ရာ သိကောင်းစရာများ၊ မွန်ပြည်နယ်အတွင်း အဖြစ်များသည့် ဘေးအန္တရာယ်များနှင့် သတိပြုရမည့်အချက်များ၊ ဘေးအန္တရာယ် ၈ မျိုးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည့် သဘာဝေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများတို့ကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲ့သို့ သထုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ အထက(ကျိုက္ကော်)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)