သထုံမြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်း

သထုံ ဇူလိုင် ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားစသည့် တည်ဆောက်ရေး လုပ်ငန်းများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်း ရပ်ကွက်ရှိ မြိုနယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးရုံးခန်းမ၌ ပြုလုပ်သည်။

မိတ်ဆက်ရှင်းလင်းပွဲတွင် သထုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဦးမိုးဝင်းက လုပ်ငန်းများဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်နှင့် သတ်မှတ် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ကြစေရေးတို့ကို ရှင်းလင်းအမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးမြင့်နိုင်ဦးက တင်ဒါအောင်ကုမ္ပဏီများလိုက်နာရမည့် စည်းကမ်းများ၊ ဆောင်ရွက်မည့် လုပ်ငန်းများတို့ကို ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများနှင့် တင်ဒါအောင်ကုမ္ပဏီတို့မှ တာဝန်ရှိသူတို့အား မိတ်ဆက်ပေးသည်။

ယင်းနောက် တင်ဒါအောင်ကုမ္ပဏီများက လုပ်ငန်းများ ကဏ္ဍအလိုက်ဆောင်ရွက်မည့် အခြေအနေများကို ချပြရှင်းလင်းရာ ကျေးရွာအလိုက် ဖွံ့ဖြိုးရေးကော်မတီဝင်တို့က ကျေးရွာ၏ အခြေအနေနှင့် လိုအပ်ချက်များတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ‌ခွင့်ပြုရံပုံငွေဖြင့် ဒင်္ဂါးဆိပ်ကျေးရွာ၌ အရှည် ၁ မိုင် ၆ ဖာလုံကျော်ရှိ ဂဝံနှင့်မြေသား ကုန်ထုတ်လမ်း တစ်လမ်း၊ ဇရစ်ချောင်နှင့် ထောင်မှူးကျေးရွာတို့၌ ကျေးလက်ရေးပေးရေး လုပ်ငန်းလေးခုတို့ကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၃၆.၃၄ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီ ၄ ခုတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

နဒီ(ပြန်/ဆက်)