MSME အစပျိုး Start-Up လုပ်ငန်းရှင်များအတွက် ပြုစုပျိုးထောင်ပေးမည့် အစီအစဉ်စတင်

မန္တလေး စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစပျိုး Start-Up လုပ်ငန်းရှင်များနှင့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များထံမှ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကြံဉာဏ်များ တောင်းခံနိုင်မည့် အစီအစဉ် စတင်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက သိရသည်။

SME လုပ်ငန်းများတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး မန္တလေးမြို့တွင် စက်တင်ဘာ ၁ ရက်နေ့ကစ၍ အဆိုပြု လျှောက်လွှာ တင်သွင်းခြင်းကို လက်ခံပေးလျက်ရှိသည်။

“SME လုပ်ငန်းတွေမှာ အဓိကရင်ဆိုင်နေရာက နည်းပညာပိုင်းဆိုင်ရာမှာ အခက်အခဲလေးတွေရှိတယ်၊ လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းတွေပေါ်မှာ မူတည်ပြီး အဆင်မပြေတဲ့ အခက်အခဲတွေ တွေ့ကြုံရတာရှိတယ်၊ ဘယ်ကိုမေးမြန်းရမလဲဆိုတဲ့ မသိတဲ့အနေအထားဖြစ်နေတဲ့ လုပ်ငန်းတွေလည်း ရှိတယ်၊ ဒါတွေကို ကျော်လွှားနိုင်ဖို့ ပံ့ပိုးတဲ့အစီအစဉ်ဖြစ်ပါတယ်၊ ရန်ကုန်မှာတော့ စတာကြာပြီ၊ မန္တလေးမှာတော့ အခုမှစတာပါ၊ အကြံဉာဏ်ပေးနိုင်မယ့်သူတွေနဲ့ ထိပ်တိုက် တွေ့ဆုံစေပြီး အကြံဉာဏ်တွေတောင်းခံနိုင်မယ်” ဟု မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးထွဋ်ဆွေက ပြောသည်။

အကြံဉာဏ်ပေးနိုင်မည့်ပုဂ္ဂိုလ်များမှာ ထုတ်လုပ်မှုပိုင်းဆိုင်ရာ၊ Packaging ပိုင်းဆိုင်ရာ၊ Financial ပိုင်းဆိုင်ရာ၊ Marketing ပိုင်းဆိုင်ရာ၊ Management ပိုင်းဆိုင်ရာများတွင် ကျွမ်းကျင်သည့်အသိပညာရှင် အတတ်ညာရှင်များဖြစ်ခြင်းကြောင့် အဆိုပြုလွှာပေါ်မူတည်ပြီး လုပ်ငန်းရှင်နှင့် ပညာရှင်ထိပ်တိုက် တွေ့ဆုံစေကာ မျက်နှာချင်းဆိုင်အကြံဉာဏ် တောင်းခံနိုင်သည့် အစီအစဉ်ဖြစ်သည်။

မိမိအကြံဉာဏ်ရယူလိုသည့် ပညာရှင်များနှင့် Appointment ရယူရန်အတွက် အကြံဉာဏ် တောင်းခံသည့် အဆိုပြုလျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှ စတင်လက်ခံလျက်ရှိပြီး ဖုန်းနံပါတ် ၀၉-၆၉၀၇၂၁၁၂၂ သို့ဆက်သွယ်စုံစမ်းကာ မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည့် မန္တလေးတိုင်းဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန   MSME Incubation Centre တွင် အခမဲ့ ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်