ဆီဆိုင် ဇူလိုင် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အထက ဆီဆိုင်၊ ယုဇနခန်းမတွင် ဆောင်ရွက်သည်။
ဟောပြောပွဲတွင် ကျောင်းကျန်းမာရေး သွားဆရာဝန် ဒေါက်တာမေသူထိန်က ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ပါးစပ်သည် တစ်နေ့တစ်နေ့ အစားအစာပေါင်းစုံစားနေသဖြင့် အစားအကြွင်းအကျန်တွေက ပါးစပ်အနံ့သွားမျက်နှာပြင် အနံ့ကျန်နေတတ်ပါကြောင်း ၎င်းအစားအစာအကြွင်းအကျန်မှတဆင့် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားလာပြီး နောက်ဆက်တွဲသွားပိုးစားခြင်း၊ ပါးစပ်နံ့ခြင်း၊ ရေစီးကမ်းပြို ရောဂါများဖြစ်လာတတ်သောကြောင့် အစာစားပြီးတိုင်း ပလုပ်ကျင်းရန်၊ တစ်နေ့လျှင် နှစ်ကြိမ်သွားတိုက်ရန်၊ သွားတိုက်တံအား မျှဝေမသုံးစွဲကြရန်၊ စနစ်မှန်ဖြင့် သွားတိုက်ရန်စသည့် သွားနှင့်ခံတွင်းကျန်းမာရေး အကြောင်းများကို အသိပညာပေးဟောပြော၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို သွားတိုက်နည်းစနစ်မှန်ကန်စေရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)