ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာတွင် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်း ဖွင့်လှစ်

ကျောက်ဆည် ဇူလိုင်၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်း ကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က အင်တိုင်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် အခြေခံလျှပ်စစ် သံဂဟေဆက်နည်းသင်တန်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူးဦးကျော်ဇေယျာဝင်းက ကျေးရွာပြည်သူများ အလုပ်အကိုင်အဆင်ပြေစေပြီး မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေး လု်ပငန်းများ လုပ်ကိုင်ဆောင်ရွက်စေရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်ပေးနိုင်ရန် စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းပြီးမြောက်ပါက လက်တွေ့လုပ်ငန်းများ ထူထောင်၍ အကျိုးရှိစွာလုပ်ကိုင်ကြရန် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားတစ်ဦးချင်းစီမှ လက်တွေ့တွင် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများအကြောင်းကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်းအား ဇူလိုင်(၂၁)ရက်နေ့မှ ဩဂုတ်(၁၉)ရက်နေ့အထိ ရွှေလေးနှင့်အင်တိုင်း၊ အရှေ့ငယ်တိုးကျေးရွာများမှ သင်တန်းသား(၂၀)ဦးအား ပစ္စည်းများအား အခြေခံတိုင်းတာနည်း၊ တွက်ချက်နည်း၊ ဖြတ်တောက်နည်းများနှင့် သံဂဟေဆက်ရာတွင် တေ့ဆက်/ ထပ်ဆက်၊ အလျားလိုက်၊ ရေပြင်ညီ၊ ဦးခေါင်းမော့ ဂဟေဆက်နည်းများကို စာတွေ့လက်တွေ့ စနစ် တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)