အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ စာပေမွေ့လျော်မှုပျိုးထောင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်းနာယက ရန်နောင်(ပညာရေး)နှင့် ဥက္ကဌဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး)တို့က အမှာစကားအသီးသီးပြောကြားပြီး အတွင်းရေးမှူး ဦးသန်းထိုက်ရွှေ(ရွှေမော်သန်းထိုက်)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဟံသာဝတီ ဦးဝင်းတင်ရေးသားသည့် စာပေမွေ့လျော်မှုပျိုးထောင်ခြင်းစာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာများဖြစ်သည့် ဦးသက်တင်(မောင်သာတင့်)၊ စိန်ညိုမင်း(ထန်းတပင်)၊ ရွှေဘုတ်(အင်းစိန်)နှင့်အောင်ငယ်စစ်(အင်းစိန်)တို့က အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးခဲ့သည်များအပေါ် စာရေးဆရာများဖြစ်သော သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)၊ ဝင်းနွယ်(ပုသိမ်)၊ မော်ကျွန်းရဲခိုင်၊ ဦးသစ်လွင်တို့က အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြရာ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း၊ ဒုတိယဥက္ကဌ စာရေးဆရာမောင်မောင်ဝင်းမြင့်(မူခင်း)က နိဂုံးချုပ်စကားပြောကြားခဲ့သည်။ စာဖတ်ဝိုင်းသို့ စာပေဥယျာဉ်အသင်းမှ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်အတွင်းရှိ စာရေးဆရာများ၊ စာပေဝါသနာရှင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)