သိန္နီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm 5 dose) ထိုးနှံပေး

သိန္နီ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm 5 dose) ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ဦးရေ (၆၅)ဦးရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် သိန္နီမြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူး၊ သိန္နီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးနှံရာတွင်  အဆင်ပြေစေရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုး ပေးလျက်ရှိသည်။ သိန္နီမြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို  မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ကို ရယူပြီးဖြစ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm 5 dose) ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ ထိုးနှံပြီးစီးသော ကျောင်းသား၊ ကျောင်းသူများကို ၃၀ မိနစ် အနားယူစေရန်ပြင်ဆင်ပေးပြီး စောင့်ကြည့်ကာ ထူးခြားမှုမရှိဘဲ ပုံမှန်အခြေအနေဖြစ်သူများအား စာသင်ခန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ “ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၆၅)ဦးအား ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း” ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)