မိုင်းနောင် ဇူလိုင် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် အမျိုးသမီးငယ်များနှင့်အိမ်ထောင်ရှင် အမျိုးသမီးများ၏ ဘဝလုံခြုံမှုရှိရေး၊ နှောင့်ယှက်ခြင်း၊ အကြမ်းဖက်ခြင်းများမှ ကာကွယ်ရေးတို့အတွက် အမျိုးသမီးများအကြမ်းဖက်ခြင်းမှ ကာကွယ်ပေးသည့် ဥပဒေများအကြောင်း ဟောပြောပွဲကို ယမန်နေ့ညနေ(၄)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လွိုင်ခမ်းအမျိုးသမီးအဖွဲ့ ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွန့်က အမျိုးသမီးများ၏ ဘဝအဖက်ဖက်မှ ဖွံဖြိုးတိုးတက်ရေး၊ သာယာသောမိသားစုဘဝ တည်ဆောက်နိုင်ရေးနှင့် အမျိုးသမီးများအားလုံး ခံစားနိုင်ခွင့်ရှိသည့် အခွင့်အရေးများအကြောင်း ရှင်းလင်းပြီး အမျိုးသမီးများအကြမ်းဖက်ခြင်းမှ ကာကွယ်ပေးသည့်ဥပဒေများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကာ အမျိုးသမီးများအကြမ်းဖက်ခြင်းမှ ကာကွယ်ပေးရေး၊ ဆယ်ကျော်သက်မိန်းကလေးများ ဘဝဖွံဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေးကိစ္စများတွင် အမျိုးသားများမှလည်း ပူးပေါင်းပါဝင်ပေးနိုင်ရေးကို ဖြည့်စွက်အကြံပြုဆွေးနွေးကြကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)