တပ်ကုန်း ဇူလိုင် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါကျောင်းရှိ ဇေယျသုခဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဦးသန့်ဇင်အောင်က ဘာသာသာသနာနှင့်သက်ဆိုင်သည့် ရာဇဝတ်မှုဆိုင်ရာဥပဒေများကို ရှင်းလင်းဟောပြော၍ လည်းကောင်း၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ သာသနာရေးလက်ထောက် ဦးကျော်သက်က ဘာသာသာသနာ၊ ဗုဒ္ဓဝင်၊ ရှိခိုးဦးချပုံ၊ သရဏဂုံနှင့်သီလ၊ ၃၈ဖြာမင်္ဂလာတရားတော်၊ လူ့ကျင့်ဝတ်များ၊ ကုသိုလ်နှင့် အကုသိုလ်အကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်