မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မင်္ဂလာဒုံ  ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ မိုးရာသီတွင် ဖြစ်ပွားသောသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ရေစည်၊ ရေအိုး၊အုတ်ရေကန်များတွင် ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းတို့ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျောက်ခွဲစက်ယန္တရားဝန်း၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ကုန်းတလပေါင်းကျေးလက် ကျန်းမာရေးဦးစီးဌာန၊ မြသီတာကျေးလက်ဌာနခွဲမှ ကျန်းမာရေးဆရာမ ဒေါ်ခင်သူဇာလှိုင်နှင့် အဖွဲ့ဝင်များက ကျောက်ခွဲစက်ယန္တရားဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာ အနီးပတ်ဝန်းကျင်ရှိ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေစည်၊ ရေအိုး၊ အုတ်ရေကန် များတွင် ပိုးလောက်လန်းများ မရှိစေရန် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

သွေးလွန်တုပ်ကွေး ကျန်းမာရေးပညာပေးခြင်းတို့ ဆောင်ရွက်ရာတွင် ကျောက်ခွဲစက်ယန္တရားမှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြတ်သူဇာ ( မင်္ဂလာဒုံ )