ဟိုပန်မြို့အဝင်/အထွက် ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ပြန်လည်ဆောင်ရွက်

 

ဟိုပန်     စက်တင်ဘာ    ၁၀

(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ ‌ရောဂါကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က ခရိုင် စီမံခန့်ခွဲမှု ကော်မတီ ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများက  ကိုယ်ပူချိန် တိုင်းတာခြင်း၊ Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များ စစ်ဆေး မေးမြန်းခြင်း၊ လူဝင်/လူထွက်စစ်ဆေး ခြင်းကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဆောင်ရွက် လျက်ရှိပါသည်။

ယင်းသို့ စစ်ဆေးရာတွင် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ဟိုပန်မြို့သို့ လာရောက်ပါက မိမိအခြေပြု ထွက်ခွာလာသည့် ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြောင်း ထောက်ခံစာ ပါမပါ  စနစ်တကျ စိစစ် လျက်ရှိပြီး ပြည်ပနိုင်ငံများနှင့် ရောဂါဖြစ်ပွားသည့်ဒေသများမှ ရောက်ရှိလာပါက မြို့နယ် အားကစားကွင်းတွင် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine Centre သို့ ပို့ဆောင်၍ ညွှန်ကြား ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုပန်ခရိုင် (ပြန်/ဆက်)