သိန္နီ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မျိုးဆက်သစ် လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ စာရေးဆရာ မောင်မင်းစိုးရေးသားသည့် လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် ဆွေးနွေးပွဲဆောင်ရွက်ရာတွင် “လူငယ်နဲ့ ပရဟိတစိတ်ဓာတ်” ခေါင်းစဉ်ဖြင့် မနန်းမွေဆိုင်ကလည်းကောင်း၊ “မြင့်မြတ်သူတို့၏လမ်းကြောင်း” ခေါင်းစဉ်ဖြင့် မလှလှဝင်းကလည်းကောင်း၊ “လူငယ်နဲ့ဗိုင်းရပ်”ခေါင်းစဉ်ဖြင့် မောင်ဇာတ်လောဝ်ကလည်းကောင်း အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စာဖတ်ဝိုင်းများကို စာအုပ်စာပေချစ်မြတ်နိုးသူများဖြင့် လစဉ်ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
စောဥမ္မာ(သိန္နီ)