မိုင်းဆတ်မြို့၌ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း

မိုင်းဆတ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးသီးနှံ နေကြာစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဆီထွက်သီးနှံနေကြာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေရန်အတွက် လိုအပ်သောမျိုးကောင်း မျိုးသန့်များရရှိနိုင်ရေး၊ သိပ္ပံနည်းကျစိုက်ပျိုးရေး၊ အပင်ပြုစုစောင့်ရှောက်ရေးနည်းစနစ်များ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းကြောင့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

အဆိုပါ နေကြာစိုက်ပျိုးမှုအား ကျေးရွာအုပ်စု(၆)အုပ်စုမှ တောင်သူ(၅)ဦး၏ လယ်မြေတွင်ရေဆင်း စပ်မျိုး(၁) နေကြာ(၅)ဧကကို ဒေသဆီဖူလုံစေရေးအတွက် စိုက်ပျိုးထားပြီး လာမည့်ဆောင်းရာသီတွင် ဆောင်းသီးနှံနေကြာကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားရန်လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)