ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အတွက်ပူးပေါင်းအဖွဲ့မှ ရပ်ကွက်အလိုက် ကျန်းမာရေး စစ်တမ်း ဆက်လက် လိုက်လံ ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲမှစ၍ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် စတင်ကောက်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကောက်ယူရာတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ် ဆရာ ဝန်ကြီးဒေါက်တာ သီတာတင်ဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များက ရပ်ကွက်အတွင်း နေထိုင်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ COVID-19 ရောဂါလက္ခဏာများ ဖြစ်သည့်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း/ အသက်ရှုရခက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ အရသာပျောက်ခြင်း၊ ခေါင်းကိုက် ခြင်း၊ ကြွက်သား အလွန်နာကျင်ခြင်း၊ ချမ်းတုန်ခြင်းစသည့် လက္ခဏာများ ဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးအသိပေး အကြောင်းကြားရေး၊ ပြည်ပနိုင်ငံများနှင့် ရခိုင်ပြည်နယ်မှ ပြန်ရောက်လာသူများရှိပါက မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆက်သွယ်အကြောင်းကြားရေး၊ မလိုအပ်ပဲ နေအိမ်ပြင်ပထွက်ခြင်း မပြုရန်နှင့် မဖြစ်မနေ သွားလာပါက အကာအကွယ် Mask စနစ်တကျတပ်ဆင်အသုံးပြုရေး၊ ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း ပြုမူနေထိုင်ရေးတို့ကို အသံချဲ့စက်ဖြင့် လိုက်လံကြေညာခြင်းတို့ကို ရပ်ကွက်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်နှင့် လူဦးရေ သုံးသောင်းကျော်နေထိုင် လျက်ရှိပြီး မြို့နယ်အတွင်းနေထိုင်သူ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့တွင်း နေ့စဉ်သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသဖြင့် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယခုကဲ့သို့ လိုက်လံဆောင်ရွက်ရခြင်းဖြစ်ကြောင်း လည်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)