မောက်မယ်မြို့နယ်၌ ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက အ.မ.က အရှေ့နောင်ခမ်းကျောင်းသို့သွားရောက်ပြီး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်နန်းမိုဟွမ်က ကျောင်းသား/ကျောင်းသူ၊ လူငယ်၊ လူရွယ်လေးများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ ရရှိလာစေရန်အတွက် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များနှင့် သုတ/ရသစာအုပ်များကို အဆိုပါကျောင်းရှိ ကျောင်းသား/ကျောင်းသူများ ဖတ်ရှုစေခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)