ပူတာအို ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တစ်ဧကအထွက်နှုန်းတိုးတက်လာပြီး ဒေသ၀မ်းစာဖူလုံရေးအတွက် ဆင်းဧကရီ-၃ မျိုးစပါး ပြောင်းလဲစိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ်ပြောင်းလဲခြင်းတို့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၂၀) ရက် နံနက်(၉)နာရီက ပူတာအိုမြို့ နယ်၊ပူတောင်းကျေးရွာအုပ်စု၊ မုဒုံ(၁)ကျေးရွာအနောက်ဘက်ကွင်း ဦးပိုင်အမှတ်(၃၁၁)တောင်သူ ဦးဆိုင်၏လယ် မြေငါးဧက၌ ကျင်းပသည်။
ကွင်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက မျိုးပြောင်းလဲခြင်း၊ စိုက်စနစ် ပြောင်းလဲခြင်း၊ သဘာ၀မြေဩဇာနှင့်ဓါတ်မြေဩဇာ အချိုးကျ ရောစပ်သုံးစွဲခြင်း စသည့် အချက်များအား တောင်သူပညာပေးဆွေးနွေးပြီး မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်က သဘာ၀မြေဩဇာနှင့် ဓါတ်မြေဩဇာ ရောစပ်နည်း၊ အပင်ပွားများများ ရရှိရန်အတွက် ကောက်ပင်စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးပြီး စိုက်ပျိုးပင်(၁၆)ရက်သားတွင် စတင်ကြဲပက် ပေးခြင်းအားဖြင့် ပင်ပွားများ၍ တစ်ဧကအထွက်နှုန်း တိုးတက်လာနိုင်ကြောင်း တောင်သူပညာပေး ဆွေးနွေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွေးတို့က လယ်ကွက်အတွင်း သဘာ၀မြေဩဇာနှင့် ဓါတ်မြေဩဇာရောစပ်ထားသည့် မြေဩဇာများအား ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေး၀န်ထမ်းများ၊ တောင်သူများနှင့်အတူ လက်တွေ့ကြဲပက်နေမှုများ ကိုကြည့်ရှုအားပေးသည်။
ပူတာအိုခရိုင်အနေဖြင့် ဒေသ၀မ်းစာဖူလုံရေးအတွက် ဆင်းဧကရီ-၃ အထွက်နှုန်းတိုး မျိုးပြောင်းလဲ စိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ်ပြောင်းလဲခြင်းတို့ကို ပူတာအိုမြို့နယ်တွင် ဧက(၇၀၀)၊ မချမ်းဘော့မြို့နယ်တွင် ဧက(၂၀၀)၊ နောင်မွန်မြို့နယ်တွင် ဧက(၁၀၀) စုစုပေါင်းဧက(၁၀၀၀) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပူတာအိုမြို့နယ်အနေဖြင့် ပူတောင်းကျေးရွာ အုပ်စုအတွင်း မုဒုံ-၁ ကျေးရွာတွင် ဧက(၂၀)၊ မုဒုံ-၂ ကျေးရွာတွင် ဧက(၆၀)၊ ပူတောင်းကျေးရွာတွင် (၄၁)ဧက စုစုပေါင်း(၁၂၁)ဧက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)