ညောင်ဦး ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ညောင်တိုတဲတိုက်သို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့က သောက်သုံးရေသိုလှောင်ပြီး တဲတိုက်နေပြည်သူများ ရေလုံလောက်စွာ သိုလှောင်ပြီးသုံးစွဲနိုင်ရန် ယနေ့နံနက် ၉ နာရီခွဲအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံကသိရသည်။
ညောင်ဦးမြို့နယ်သည် မိုးခေါင်ရပ်ဝန်းအပူပိုင်းဒေသတွင်ပါဝင်ပြီး ဆောင်းဦးပေါက် ရာသီမှစတင်ပြီး သောက်သုံးရေခက်ခဲသည့် ကျေးရွာများပြားပြီး မြေသားမိုးရေလှောင် ကန်များ၊ မိုးရွာသွန်းချိန် ရေစည်ပိုင်း၊ ရေအုတ်ကန်ငယ်၊ စဉ့်အိုးအကြီး၊ အသေးများ၊ ပိုများအတွင်း ပလတ်စတစ်ခံကာ မိုးရေသိုလှောင်ပြီး ရေးရှားပါးချိန်သုံးစွဲကြရကြောင်း၊ ထန်တောင်သူအများအပြား ထန်းလျက်ကျိုချက်ချိန် ရွာတွင်းမီးဘေးအန္တရာယ် ကြိုတင် ကာကွယ်သည့်အနေဖြင့် ယာတော၊ ထန်းတောထဲ ပြောင်းရွေ့ထန်းလျက်ကျိုချက်ရာမှ ရွာအတွင်းသို့ ပြန်လည်ပြောင်းရွေ့ခြင်း မရှိတော့ပဲ ရေကြည်ရာ၊ မြက်နုရာနေထိုင်လာခဲ့ ရာမှ အိမ်ခြေများလာပြီး တဲတိုက်များ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ သောက်သုံးရေ အတွက် မြေသားရေလှောင်ကန်များ ဆယ်ယူသုံးစွဲခဲ့ကြပြီး မိုးရွာသွန်းမှုများသည့် နှစ်များတွင် မြေသားရေလှောင်ကန်များရေဝင်ကာ ရေအတွက် အခက်အခဲသိပ်မရှိကြပဲ၊ မိုးရွာသွန်းမှုနည်းသည့်နှစ်များတွင် သောက်သုံးရေခက်ခဲမှုကြုံ တွေ့နေရသည့်နှစ်များ ရှိခဲ့ကြောင်း ညောင်တိုတဲတိုက်မှထန်းတောင်သူ ဦးကိုနိုင်က ရှင်းပြသည်။ ညောင်ဦးမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များအား ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့မှ ရေဂါလန် ၄၅၀၀ ဆံ့ ရေအုတ်ကန်များ လှူဒါန်းပေးခြင်း၊ တစ်ဦးချင်းအလှူရှင်များ လှူဒါန်းလိုသည့် ရေအုတ်ကန်များကိုလည်း တစ်ဆင့်လှူဒါန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ယခုလှူဒါန်းသည့် ရေသိုလှောင်ကန်ကိုလည်း ရန်ကုန်မြို့၊ လသာမြို့နယ်၊ ဦးချန်ထွန်းမိသားစုလှူဒါန်းသည့် ရေဂါလန် ၄၅၀၀ ဆံ့ရေသို လှောင်ကန်အား ညောင်တိုတဲတိုက်သို့ လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ညောင်တိုတဲတိုက်တွင် အိမ်ခြေ ၃၈ အိမ်ကျော်၊ လူဦးရေ ၁၅၀ ဦးကျော် နေထိုင်ကြကြောင်းလည်း သိရသည်။
ကိုကြေးမုံ