တပ်ကုန်း​မြို့၌ ဆီကုန်သည်အသင်းမှ မီးဖိုချောင်းသုံး စားသုံးဆီစျေးနှုန်းသက်သာစွာ ရောင်းချပေး

တပ်ကုန်း ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ ဦးဆောင်မှုဖြင့် တပ်ကုန်းမြို့နယ် ဆီကုန်သည်အသင်းဝင် ဦးသူရဇော်ဇော် (ဦးကြည်ဝင်း)ကုန်စုံဆီဆိုင်မှ  အနော်ရထာရပ်ကွက်အတွင်းရှိ ပြည်သူများအား မီးဖိုချောင်းသုံး  စားသုံးဆီစျေးနှုန်း သက်သာစွာဝယ်ယူနိုင်​ရေး ယနေ့နံနက် ၈ နာရီက အဆိုပါရပ်ကွက်၊ အောင်သီဟလမ်းနှင့် သုခမိန်လမ်းဆုံ တွင် ရောင်းချပေးခဲ့သည်။

ထိုရောင်းချပေးမှုတွင် စားဆီတစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးခဲ့ကြောင်း သိရပြီးနောက်  “ကျွန်မတို့ ရပ်ကွက်အတွင်းသို့ စားဆီစျေးနှုန်း ချိုသာစွာလာရောက်ရောင်းချပေးတာ ဝမ်းသာပါတယ်၊ အပြင်ဆိုင်တွေမှာ သွားဝယ်ရင်တော့ တစ်ပိဿာကို (၈၀၀၀)ကျပ် ပေးဝယ်သုံးရပါတယ်၊ အခုလို မကြာခဏ လာရောက်ရောင်းချပေးစေချင်ပါတယ်”  ဟု  စားသုံးဆီလာရောက် ဝယ်ယူသူ  မခင်မာဖြူ၏ ပြောပြချက်အရ သိရသည်။

တင်စိုးလွင်