ချမ်းမြသာစည် ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး ပရဝုဏ်အတွင်းရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ဆရာတော် ဘဒ္ဒန္တ သုဇနပီယ၊ ရတနာပုံကျောင်း ဆရာတော် ဘဒ္ဒန္တသီဟနာဒပါ ပင့်သံဃာ ၂၇ ပါးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ တိုင်းတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသူများမှ ဆရာတော် ဘဒ္ဒန္တသုဇနပီယထံမှ တရားနာယူခြင်း၊ သံဃာတော် ၂၇ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဘဒ္ဒန္တသီဟနာဒထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခြင်း၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း(မြို့နယ်ပြန်/ဆက်)