ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်အိအိခင်နှင့်တာဝန်ရှိသူများနှင့်အတူ လွယ်ပွတ် ကျေးရွာအုပ်စု၊ ထီရီးကျေးရွာရေထွက်နှင့် နောင်ဘန်ရေကန်သို့လည်းကောင်း၊ တောင်ရှေ့ကျေးရွာအုပ်စု၊ ခိုဖွန်းရေထွက်သို့လည်းကောင်း၊ ထီဖွကျေးရွာနှင့်ထီနဲ့ကျေးရွာ အကြားလမ်းပိုင်းပျက်စီးမှုမရှိစေရေး ကွင်းဆင်းကြည့်ရှုကြည့်စစ်ဆေးပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်များနှင့် ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးရွာရေပေးဝေနိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ချပြရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်တို့သည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိတို့နှင့်တွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် လမ်းဦးစီးဌာနပိုင်လမ်းများနှင့်ပတ်သက်၍ လုပ်ငန်းလျာထားမှုအခြေအနေများအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ 

မျိုးမြတ်(ဆီဆိုင်)