ဟိုပုံး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူဦးရေတစ်သိန်းကျော် နေထိုင်ကြပြီး လူဦးရေ(၉၀) ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်အတွင်း စိုက်ပျိုးနိုင်သော စိုက်ပျိုးဧကပေါင်း (၆၇၀၀၀) ကျော်ရှိပြီး အဓိကသီးနှံ အနေဖြင့် စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုတ်၊ ကြက်သွန်ဖြူ၊ ထောပတ်၊ ကြက်သွန်ဖြူ၊ ကော်ဖီ၊ သနပ်ဖက်ကို အများဆုံးစိုက်ပျိုးကြသည်။ ယခုအခါ ပြောင်းလဲလာသောရာသီဥတုကြောင့် စိုက်ပျိုးရေး ဆိုင်ရာ သဘာဝအရင်းမြစ်များ ဆုံးရှုံးလာခြင်းနှင့် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု ထိန်းသိမ်းနိုင်ရန်အတွက် ဓာတ်မြေဩဇာသုံးစွဲမှုကို လျော့ကျစေပြီး ကုန်ကျစရိတ်သက်သက်စွာဖြင့် သီးနှံများ၏ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ပြီး စိုက်ပျိုးမြေဆီလွှာပြုန်းတီးခြင်းတို့ကို ထိန်းသိမ်းနိုင်ရန်အတွက် သစ်စိမ်းမြေဩဇာကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်လာပါသည်။ သစ်စိမ်းမြေဩဇာဆိုသည်မှာ သီးနှံမစိုက်ပျိုးမီ (သို့မဟုတ်) ရိတ်သိမ်းပြီး မြေလှပ်ထားသောအချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင်အပင်ဖြစ်သည့် ပဲရင်း၊ မတ်ပဲ၊ ပဲတစ်မျိုးမျိုး (သို့မဟုတ်) ပိုက်ဆံလျှော်မျိုးစေ့ကို ကြဲပက်စိုက်ပျိုးထားပြီးနောက် ၄၅ ရက်-၆၅ရက်သား (ပန်းမပွင်းမီ) အချိန်တွင် ထယ်ထိုးမြေမြုပ်ပေးခြင်းဖြင့် နောင်စိုက်ပျိုးမည် သီးနှံအတွက်လိုအပ်သော အာဟာရဓာတ်များကို ရရှိစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာ ကျွေးခြင်းဟုခေါ်ပြီး သစ်စိမ်းမြေဩဇာအမျိုးမျိုးအနက် ပိုက်ဆံလျှော်ပင်သည် စိုက်ပျိုးရလွယ်ကူဆုံးနှင့် မြေဆီလွှာကို အာဟာရဓာတ်အများဆုံး ဖြည့်ဆည်းပေးနိုင်သည်ကို လေ့လာတွေ့ရှိရသောကြောင့် ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် စံပြစိုက်ခင်းဖော်ဆောင်ထားပြီး ဒေသခံတောင်သူများ လက်တွေ့သိမြင်ပြီး လိုက်နာဆောင်ရွက်လာစေရန် သစ်စိမ်းမြေဩဇာ အသုံးပြုစိုက်ပျိုးနည်းများကို လက်တွေ့ပြသပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)