အစိုးရနည်းပညာကောလိပ် (မိုးညှင်း)၌ ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိုးညှင်း ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အစိုးရနည်းပညာကောလိပ် (မိုးညှင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၉ ရက်နေ့ နံနက် (၁၀)နာရီခွဲက ကျောင်းပင်မဆောင်ရှေ့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး အစိုးရနည်းပညာကောလိပ် (မိုးညှင်း)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ကျော်ကျော်မြင့်က အားကစားပြိုင်ပွဲ များ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအား လူမှုဘဝကို ဖျက်စီးတတ်သော ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ အရက်စသည့် လမ်းမှားများရောက်နိုင်တဲ့ အနှောက်အယှက် အတားအဆီးများကို ကျော်လွှား နိုင်ပြီး လူငယ်၊ လူရွယ်များအတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး သက်လုံကောင်းစေကာ အသင်းအဖွဲ့ စိတ်ဓာတ်များ၊ အားကစား စိတ်ဓာတ်များ ဖွံ့ဖြိုးတိုးတက် အားကောင်းလာသည်နှင့်အမျှ စစ်မှန်သော နိုင်ငံချစ် စိတ် မျိုးချစ်စိတ်များ ခံစားသိရှိနိုင်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သော အားကစားအဖွဲ့ဝင်များကို ကျောင်းအုပ်ဆရာကြီးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့သည်။

ထို့နောက် အားကစားပြိုင်ပွဲများဖြစ်ကြသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား(၅)သင်း၊ စစ်တုရင်ပြိုင်ပွဲ တွင် အမျိုးသား(၅)သင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် အမျိုးသား(၅)သင်း၊ ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် အမျိုးသားအမျိုးသမီး (၇)သင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသားအမျိုးသမီး (၅)သင်းနှင့် လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် အမျိုးသားအမျိုးသမီး(၉)သင်းတို့ ဇူလိုင်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့ထိ (၉)ရက်တိုင် ဘာသာရပ်အသီးသီးမှ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူ များက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။  

ဇွဲသူရအောင်(ပြန်/ဆက်)