ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် တောင်သူများအား နည်းပညာပေးသင်တန်းနှင့် မျိုးစေ့နှင့်ဓတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

ကျိုက်မရော ဇူလိုင် ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီ၌ စီးပွားဖြစ် မျိုးစေ့မျိုးသန့်ထုတ်ထုပ်ခြင်း (RS to CS) ဧက ၇၀ အတွက်မျိုးစေ့ထုတ် (SGA) တောင်သူများအား စိုက်ပျိုးချိန်အမီနည်းပညာ ပေးသင်တန်းနှင့် မျိုးစေ့၊ ဓတ်မြေသြဇာများ ထောက်ပံပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ဦးစီးမှူးရုံး သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါနည်းပညာပေးသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇော်မင်းက အမှာစကားပြောကြားပြီး တောင်သူများအား မိုးစပါးရာသီတွင် တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး အတွက်သိပ္ပံနည်းကျ စိုက်ပျိုးရေး နည်းစနစ်များကို နည်းပညာပေးသင်တန်းပေးရခြင်းနှင့် ပတ်သက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ထုတ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မူမူတန်ကရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့နှင့်ဓါတ်မြေသြဇာများ ထောက်ပံပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တစ်ဧက တင်းတစ်ရာထွက်ရှိရေးနှင့် တစ်နှစ်ကိုသုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများမှအားထည့်၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည့်နည်းပညာ၊ စိုက်ပျိုးစရိတ်နှင့် မျိုးစပါးနှင့်သွင်းအားစု လိုအပ်ချက်များကို နိုင်ငံတော်မှထောက်ပံ့ပေးထား သဖြင့် အဓိကစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရန် ကြိုးပမ်းဆောင်ရွက်သွားကြစေ လိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှတင်မောင်နှင့်တာဝန်ရှိသူများက ကျေးရွာပေါင်း (၈) ရွာမှအကျိုး ဆောင်တောင်သူများအားမျိုးစပါး စိုက်ပျိုးစရိတ်သွင်းအားစု ပစ္စည်းများနှင့် မျိုးစေ့များ၊ ဓါတ်မြေသြဇာအိတ်များကို တစ်ဦးချင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)