၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

သံတွဲ ဇူလိုင်၂၁

သံတွဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းခြံဝင်းစိမ်းလန်းစိုပြည်ရေး ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီက အဆိုပါကျောင်းခြံဝင်းအတွင်း၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားပြီး သံတွဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ နာယကဦးမြင့်စိုးက သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်၊ သံတွဲခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းတင့်၊ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးနှင့် တာဝန်ရှိသူများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား အသင်းတစ်ခုခြင်းလိုက်  ပျိုးပင်များပေးအပ်ခဲ့ကြသည်။

ထို့နောက် ကျောင်းခြံဝင်းစိမ်းလန်းစိုပြည်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သံတွဲခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းတင့်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကျောင်းခြံဝင်း စိမ်းလန်းစိုပြည်စေရေးအတွက် ပုန်းညှက်၊ ငု၊ မယ်ဇယ်၊ ပိတောက်၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ စိန်ပန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ခရေ၊ ကံ့ကော်၊ ဗန်ဒါနှင့် ရေတမာပင် စုစုပေါင်း (၄၈၅)ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်