မိုင်းခုတ် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ထိုင်ဝမ်တိုင်ထောင်ပဲများအား ဈေးကောင်းရသဖြင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြောင်း အမှတ်(၂) ရပ်ကွက်၊ ဝမ်ဝိန်းရပ်မှ ထိုင်ဝမ်တိုင်ထောင်ပဲစိုက်ပျိုးသူ ဦးမောင်ဦးက ပြောသည်။
ထိုင်ဝမ်တိုင်ထောင်ပဲမစိုက်မီ ဘောင်တွေ အရင်ဆုံးပြုပြင်ရပြီး စိုက်ဘောင်များအတွင်း မြေခံကြက်ချေး (သို့မဟုတ်)နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပဲမျိုးစေ့များကိုတော့ အစေ့ချစနစ်ဖြင့်စိုက်ပျိုးကာ တစ်ပင်နဲ့တစ်ပင် တစ်တောင်ခွာစိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနဲ့ လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရကြောင်း၊ (၁၅)ရက်အကြာတွင် တိုင်ထောင်ပေးပြီး ရွက်စားဆေးကို အသီးသီးသည်အထိ (၁၅)ရက်တစ်ကြိမ်ဖြန်းရကြောင်း၊ ရက်(၄၀)ခန့်အကြာတွင် စတင်အသီးသီးပြီး ရက်(၅၀)ဆိုရင် အသီးလှိုင်လှိုင်သီးကြောင်း၊ နှစ်ရက်ခြားတစ်ခါခူး၍ ရောင်းပြီး (၂)လကြာသည်အထိ ခူးဆွတ်ရောင်းချရကြောင်း ဦးမောင်ဦးက ပြောသည်။
အဆိုပါ ထိုင်ဝမ်တိုင်ထောင်ပဲများသည် ရာသီမရွေးစိုက်ပျိုး၍ရပြီး ပဲသီးအတောင့်(၁၀၀)လျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ စိုက်ဧက၏ လေးပုံတစ်ပုံတွင် နှစ်ရက်ခြားတစ်ခါခူးပါက ပဲတောင့် (၁၀၀၀)မှ (၅၀၀၀)ကြား ခူးဆွတ်ရကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)