ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၊ အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

ပုဗ္ဗသီရိ ဇူလိုင်၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသက်(၃)နှစ်မှ(၅)နှစ်၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း၊ အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်က “ပြောင်းလဲလာတဲ့ ခေတ်သစ် စနစ်သစ်နဲ့အညီပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရေးဆွဲဆောင်ရွက်ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဓိကအကျဆုံးဖြစ်သော ရှေးဦးအရွယ် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး ကလေးတစ်ဦးဖွံ့ဖြိုးဖို့အတွက် အရေးအကြီးဆုံးအချိန်ဟာ ကလေးရဲ့ဘဝအစဦးဆုံးကာလနှစ်များဖြစ်တဲ့အတွက် အစကောင်းမှ အနှောင်းသေချာဆိုသလို အမျိုးမျိုးသော ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လိုအပ်သောပံ့ပိုးမှုကိုရရှိထားသော ကလေးဟာ လူ့ဘောင်အသိုင်းအဝိုင်းကြားမှာ ဘက်စုံတော်တဲ့ ကလေးများဖြစ်လာမှာဖြစ်သည့်အတွက် ဤသင်တန်းမှရရှိတဲ့ အတွေ့အကြုံဗဟုသုတ၊ နည်းပညာတွေကို အသုံးချပြီးနိုင်ငံတော်ရဲ့ အနာဂါတ်ကလေးငယ်များအကျိုးကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက်သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)