ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေး၊ ပန်းမြို့တော်ဖြစ်လာစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ဝန်ထမ်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား ဇူလိုင် ၂၁

ကချင်ပြည်နယ်အတွင်း စိမ်းလန်းစိုပြေပြီး သန့်ရှင်းသာယာလှပသော မြို့ပြများဖြစ်လာစေရေး၊ မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် စနစ်တကျ စီမံ‌ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံကျင်းပပြုလုပ်သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့မှ အပြည့်အဝ စီမံခန့်ခွဲခွင့်ရှိပြီး ပြည်နယ်အတွင်း ဥပဒေရေးဆွဲပြဋ္ဌာန်းကာ လုပ်ကိုင်ဆောင်ရွက်ရသည့် တစ်ခုသော ဌာနဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့များ စိမ်းလန်းစိုပြေသန့်ရှင်း သာယာလှပရေးအတွက် နေ့ရော/ ညပါ ကြိုးပမ်းဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ကျေးဇူးတင် ဂုဏ်ယူမိပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ၏ လိုအပ်ချက်များ၊ အခက်အခဲများကိုလည်း ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် တာဝန်ရှိပါကြောင်း၊ ထိုအပြင် စည်ပင်သာယာရေးအဖွဲ့၏ လူ့စွမ်းအား အရင်းအမြစ်များအတွက် လိုအပ်သည့် ဝန်ထမ်းအိမ်ရာ လိုအပ်ချက်၊ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြု စက်ပစ္စည်း၊ ယာဉ်ယန္တရားများ လိုအပ်ချက်များကို ဘတ်ဂျက်လျာထားပြီး ဦးစားပေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က မြို့များ သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးအဖွဲ့ပိုင် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်လျာထားချပေးနေမှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးက စည်ပင်သာယာရေးအဖွဲ့၏ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ လာမည့် ဘတ်ဂျက်နှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဌာနပိုင် ယာဉ်၊ ယန္တရားများအား နိုင်ငံပိုင်ပြန်တမ်းရေးသွင်းခြင်းလုပ်ငန်း၊ ပြုပြင်သုံးစွဲရန် မသင်တော့သည် ယာဉ်ယန္တရားများကို သံရည်ကျိုဖျက်သိမ်းခွင့်၊ ဌာနပိုင်စာရင်းမှ ပယ်ဖျက်ခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဌာနခွဲများအလိုက် ဝန်ထမ်းများက ဝန်ထမ်းလိုအပ်ချက်၊ ယာဉ်ယန္တရားနှင့် စက်သုံးဆီ လိုအပ်ချက်များ၊ ဝန်ထမ်းအိမ်ရာ လိုအပ်ချက်များနှင့် မြို့အမှိုက်စွန့်ပစ်ကန် မြေနေရာလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ မြို့ရွာများ ပိုမိုသန့်ရှင်းသာယာလှပရေး၊ မြစ်ကြီးနားမြို့ကို ပန်းမြို့တော်ဖြစ်စေရေး စနစ်တကျ စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရေး၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများကို ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိ ထိရောက်သည့် လုပ်ငန်းဖြစ်စေရေးနှင့် တင်ပြတောင်းဆိုသည့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)