မြစ်ကြီးနား ဇူလိုင် ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပြည်နယ်အစိုးရအဖွဲ့၊ မေခခန်းမတွင် ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းနေသည့် ဌာနဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်း ၆၉ ဦးအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံပေးနေခြင်းကို ပြည်နယ်လူမှုရေးရာဝန်ကြီးက ကြည့်ရှုအားပေးပြီး၊ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်မှုဖြင့် စေတနာရှင် အလှူရှင်များ ပါဝင်လှူဒါန်းသည့် မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်ကြီး ရင်ပြင်တော် ကွန်ကရစ်ခင်းခြင်း၊ ဆက်တီထိုင်ခုံ နှစ်စုံ၊ လှေကားနှစ်စင်း အသစ်တည်ဆောက်ခြင်း လုပ်ငန်းများ အောင်မြင်ပြီးစီး၍ ရေစက်ချ အလှူမင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့(သုဓမ္မာ)ဥက္ကဋ္ဌ ဆရာတော် မဟာဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တသီလာနန္ဒထံမှ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ဆရာတော် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်များက ဆရာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)