မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မော်လမြိုင် ဇူလိုင် ၂၁

မော်လမြိုင်မြို့၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ဖွင့် လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားအောင်မြင်မှုဖြင့် မွန်ပြည်နယ်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေး အတွက် အားကစားလှုပ်ရှားမှုများကို မွန်ပြည်နယ်အတွင်း စဉ်ဆက်မပြတ် ပြုလုပ်ပြီး အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကအားထားရသည့် ထူးချွန်ထက်မြက်ပြီး အရည်အချင်းပြည့်၀တဲ့ လူငယ်များ ဖြစ်လာစေရန် ကျန်းမာကြံ့ခိုင်နေဖို့ လိုအပ်သည့်အတွက် ငယ်ရွယ်စဉ်အချိန်မှစ၍ အားကစားတစ်မျိုးမျိုးကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များ ဖြစ်လာပြီး နိုင်ငံ့တာ၀န်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ မြို့နယ်/ ခရိုင်အဆင့်မှ ပြည်နယ်လက်ရွေးစင် စစ်တုရင်အားကစားသမားများ ပေါ်ထွက်လာစေရန် စစ်တုရင် အားကစားနည်းကို လူအများစိတ်ပါ၀င်စားပြီး ပါ၀င်လာခြင်းဖြင့် မွန်ပြည်နယ်စစ်တုရင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး စစ်တုရင် ပြိုင်ပွဲများတွင် မွန်ပြည်နယ် စစ်တုရင်အသင်း အောင်မြင်မှုရရှိစေရန် လက်ရွေးစင် စစ်တုရင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည် ဟူသော ဆောင်ပုဒ်နှင့်အညီအားကစားလောက ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားသမားများ ကြိုးစားချင်စိတ် အနိုင်မခံအရှုံးမပေးလိုသော ဇွဲ၊ စိတ်ဓါတ်များ ပေါ်ထွက်လာစေရန်အတွက် နိုင်ငံတော်အနေနဲ့ အားကစားကဏ္ဍကို အထူးအားပေးချီး‌မြှောက်နေတာကို အားလုံးအသိဘဲ ဖြစ်ပါတယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ရမဲ့အချက်က အခြေခံ ပညာကျောင်းတွေမှာ အားကစားပြိုင်ပွဲများကို ကျင်းပပြီး ထူးချွန်တဲ့မျိုးဆက်သစ် လူငယ် အားကစားသမားများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း နိုင်ငံတော် အတွက် အားထားရမဲ့ အားကစားသမားကောင်းတွေ ဖြစ်လာအောင် မိမိကိုယ်ကို ယုံကြည်တဲ့စိတ်ခိုင်မာတဲ့ စိတ်ဓါတ်နဲ့မိမိရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားကြရန် အားကစား စိတ်ဓါတ်ဖြစ်တဲ့ ပွင့်လင်းမှု၊ ရိုးသားမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ စိတ်ရှည်ရှည်ထားမှု၊ နိုးကြားမှု၊ ကြိုးစားမှုတို့ကို အားကစားလေ့ကျင့်ရာ၌လည်ကောင်း အားကစားယှဉ်ပြိုင် ရာ၌လည်ကောင်း အားကစားသမား အားလုံးအစဉ်အမြဲအလေးထားရမှာ ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ အားကစားစစ်ကြောင်းမှူးကဦးဆောင်၍ ၁၀ မြို့နယ်မှပြိုင်ပွဲဝင်အသင်းများက မွန်ပြည်နယ်ဝန်ကြီးချုပ် အားအလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် ၄ ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ၂၀၂၂ ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဖလား ၁၀ မြို့နယ် အသက် ၁၈ နှစ်အောက် အမျိုးသား/သမီး စစ်တုရင်ပြိုင်ပွဲအား အဖွင့်ရွှေ့ကွက်ရွှေ့၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် ၁၈ နှစ်အောက် စစ်တုရင် ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့၀င်ဝန်ကြီးများ၊ ပြည်နယ် / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်စစ်တုရင်အသင်း ဆပ်ကော်မတီဝင်များ၊ အားကစား ဝါသနာရှင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်