မုဒုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မုဒုံ ဇူလိုင် ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးနှင့် အပိုထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေများ၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စာသင်ကျောင်းများတွင်  ဆောင်ရွက်ထားရှိရန်အချက်များ၊ သီးသန့်လူနာဆောင် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်  မြို့နယ်အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သံသယလူနာများရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍  စစ်ဆေးခြင်းများနှင့် ရောဂါဖြစ်ပွားပါက အမြန်ဆုံး ဆေးကုသခံယူကြရန်နှင့် အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးရုံဝင်းအတွင်း သီးသန့်လူနာများကို ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု

များ၊ အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေးအတွက် မြို့နယ်အောက်ဆီဂျင်စက်ရုံမှ တစ်နေ့လျှင် ပျမ်းမျှ (၄၀) လီတာအိုး အလုံး (၂၀၀)ခန့် ရရှိနိုင်ကြောင်း၊ မုဒုံဆေးရုံနှင့် ကမာဝက်တိုက်နယ်ဆေးရုံတွင် အောက်ဆီဂျင် Concentrator စက် (၃၉) လုံးရှိကြောင်းနှင့် မြို့နယ်အတွင်း အသက် (၁၈)နှစ်နှင့်အထက် လူဦးရေ တစ်သိန်းနီးပါးအား ကာကွယ်ဆေးထိုးနှံပြီးစီးကာ အပိုထပ်ဆောင်းကာကွယ်ဆေးကို သုံးသောင်း ကျော်ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက်  တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)