ဘီးလင်းမြို့နယ်၌ အသက် ၂ နှစ်‌အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

ဘီးလင်း စက်တင်ဘာ ၁၀

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် ယနေ့နံနက်ပိုင်းက မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ဆောင် ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ကျွေးရာတွင် အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များကို အသက် အရွယ်အလိုက် ဘီစီဂျီ၊ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုပ် ရောင်၊ ဝက်သက်၊ ပိုလီယိုကာကွယ် ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ပေါင်ချိန်ပေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့၊ မေးခိုင်၊ ပိုလီယိုကာကွယ်ဆေး (အိုင်ပီဗွီ) စသည့်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို ဆောင် ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမများက အုပ်ထိန်းသူမိခင်များ၊ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအားကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်လာစေရေး၊ လူစုလူဝေး မဖြစ်စေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထူးနောင်(ပြန်ဆက်)