သီပေါ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀နာရီ အချိန်ခန့်က မြို့နယ်အတွင်းရှိ စျေးများ၊ ရပ်ကွက် များနှင့် မြို့အနီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းသို့ အခြားတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များမှ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအနေဖြင့် သက်ဆိုင်ရာဒေသ၏ ထောက်ခံချက်များ ယူဆောင်လာကြရန်၊ ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိသူများနှင့် ရောဂါကူးစက်ပြန့်ပွားမှု များပြားသည့် မြို့နယ်များမှ လာရောက်သူများ အားလုံး ပြင်ဆင်ထားသော Community Based Facility Quarantine Centre များတွင် ဝင်ရောက်၍ (၁၄)ရက်နေထိုင်ပြီး ဓာတ်ခွဲနမူနာ (၂)ကြိမ်စစ်ဆေးခံရန်၊ ဓာတ်ခွဲအဖြေတွင် ရောဂါပိုး မတွေ့ရှိပါက Home Quarantine (၇)ရက် နေထိုင်ကြ ရန်နှင့် ရောဂါပိုး ကင်းရှင်းကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အတည်ပြုပြီး မှသာလျှင် ဆက်လက်ထွက်ခွာကြရန် စသည်ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ထို့အပြင် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ပဲ အပြင်မထွက်ကြရန်၊ မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများ မပြုလုပ်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် လည်းကောင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးများ၌ စျေးရောင်းစျေးဝယ်ပြုလုပ်ရာတွင် လည်းကောင်း နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျစက္ကန့်(၂၀)ကြာ ဆေး ကြောရန်၊ Social Distancing ကို တိတိကျကျ လိုက်နာကြရန် စသည့်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက် များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး (သီပေါ၊ ပြန်/ဆက်)